ရော​မ 8:12-24 Judson Bible (BJB)

12. သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန်ဖြစ်ကြသည်မဟုတ်။

13. သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။

14. ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။

15. အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။

16. ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။

17. သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်း ဖြစ်ကြ၏။

18. ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။

19. ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက်နေ၏။

20. ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။

21. ဘုရားသခင်သားထူးမြတ်သော လွှတ်ခြင်း ချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။

22. ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ၏။

23. ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။

24. ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်းမရှိ။ တွေ့မြင်သော အရာကိုအဘယ်ကြောင့် မြော်လင့်ရမည်နည်း။

ရော​မ 8