ရော​မ 8:1-11 Judson Bible (BJB)

1. ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။

2. ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ်လွှတ်ပြီ။

3. ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဘို့ရာဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။

4. အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။

5. ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သော အရာတို့ကိုစွဲလမ်းသော စိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။

6. ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။

7. အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလို သို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။

8. ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်ကြ။

9. သို့သော်လည်း ဘုရားသခင် ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကိုမရသော သူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။

10. ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။

11. ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။

ရော​မ 8