4. ထိုနည်းတူ၊ ငါညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက်တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွါးမည်အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့်ကွာကြ၏။
5. ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ်တရားအားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွါးမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင် ကြ၏။
6. ယခုမူကား၊ ကျမ်းစာ၌ပါသော တရားဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရားသစ်ကို မှီ၍ အမှုဆောင်ရွက်ခြင်းအလိုငှါ၊ ငါတို့သည် အသေသဖြင့် အုပ်ချုပ်သောပညတ်တရား၏လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ။
7. သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ။
8. အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။
9. အထက်ကပညတ်တရားမရှိသဖြင့်၊ ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်း သေ၏။
10. အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရားသည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏။
11. အပြစ်တရားသည်ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကို လှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကို သတ်လေ၏။
12. ထိုကြောင့်၊ တရားတော်သည်သန့်ရင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။
13. သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ်နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှါ ကောင်းမြတ်သောအရာအားဖြင့် ငါ၌သေခြင်းကို ပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ်နှင့်ပြည့်စုံခြင်းရှိသတည်း။
14. ထိုမှတပါး ၊ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။
15. အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံ့ရှာသော အကျင့်ကို ကျင့်၏။
16. ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။