ရော​မ 3:9-24 Judson Bible (BJB)

9. ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။

10. ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။

11. နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသော သူမရှိ။

12. လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။

13. သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သခင်္ျိုင်းတွင်းဖြစ်၏။ သူတို့သည်လျှာနှင့် လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ်အတောက်ရှိ၏။

14. သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ၏။

15. သူတို့ခြေသည်လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။

16. သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခ ဆင်းရဲခြင်းရှိ၏။

17. ချမ်းသာလမ်းကိုသူတို့မသိကြ။

18. ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်းသည် သူတို့မျက်စိ၌ မထင်ဟုကျမ်းစာလာသတည်း။

19. ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။

20. ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။

21. ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊

22. ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။

23. အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။

24. ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။

ရော​မ 3