ရော​မ 16:1-20 Judson Bible (BJB)

1. ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့ နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။

2. သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည်များစွာသော သူတို့ကို၎င်း၊ ငါ့ကို၎င်း၊ မစသောသူဖြစ်၏။

3. ငါနှင့်အတူယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြ လော့။

4. ထိုသူတို့သည် ငါ့အသက်အဘို့မိမိတို့လည်ပင်းကို ချထားသော သူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါ တယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။

5. သူတို့အိမ်၌ ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။

6. ငါတို့အမှုကိုကြိုးစား၍ ဆောင်ရွက်သော မာရိကိုနှုတ်ဆက်ကြလော့။

7. ငါနှင့်အတူအကျဉ်းခံရသောသူ၊ ငါအမျိုးသားချင်းအန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ၏။ ငါ့အရင်တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ်ကြ၏။

8. သခင်ဘုရား၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့။

9. ငါတို့နှင့်အတူ ခရစ်တော်၏အမှုကို ဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြ လော့။

10. တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့။

11. ငါ၏အဆွေအမျိုးဟေရောဒျုန်နှင့် တပည့်တော် ဖြစ်သောနာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့။

12. သခင်ဘုရား၏အမှုတော်ကို ကြိုးစားသော မိန်းမ၊ တရုဖဲနနှင့် တရုဖေါသကို၎င်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သော မိန်းမ ပေရသိကို၎င်း နှုတ်ဆက်ကြလော့။

13. မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်းဟူသော တပည့်တော်ရုဖုနှင့်သူ၏အမိတည်းဟူသော ငါ၏ အမိကို နှုတ်ဆက်ကြလော့။

14. အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့။

15. ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် ဩလုမ္ပမှ စ၍ သူတို့နှင့် အတူနေသော သန့်ရှင်းသူအပေါင်း တို့ကို နှုတ်ဆက်ကြလော့။

16. အချင်းချင်းတယောက်ကို တယောက်သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။

17. ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့်ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ရှောင်ကြလော့ဟု ငါသတိပေး၏။

18. အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့်ချော့မော့သော စကားအားဖြင့် စိတ်ကောင်း သောသူတို့ကို လှည့်ဖြားတတ်ကြ၏။

19. သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသော အမှု၌ကား၊ အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလိုရှိ၏။

20. ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မှီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက် တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်သင်တို့၌ ရှိပါစေသော။

ရော​မ 16