16. အဦးနယ်သော မုန့်စိမ်းသည်သန့်ရှင်းလျှင်၊ တပုံလုံးသန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက်အလက်များလည်း သန့်ရှင်းကြလိမ့်မည်။
17. အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့် အတူသံလွင်ပင်အမြစ်ကို၎င်း၊ အဆီဩဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။
18. ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။
19. ငါ့ကိုဆက်၍စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။
20. မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည်ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။
21. အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြောတော်မူမည်လော။
22. သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌မတည်မနေလျှင်၊ သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည်။
23. သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍ စိုက်ခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။
24. အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။
25. ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း၊ တပါးအမျိုးသားအပေါင်းတို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲသောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
26. ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသောအမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့၊
27. သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ်၏ဟု လာသတည်း။