ရော​မ 1:7-19 Judson Bible (BJB)

7. သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ်ထားတော်မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏။

8. သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။

9. ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏အသက်သေခံဖြစ်တော်မူ၏။

10. မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု၏။

11. သင်တို့သည် မြဲမြံခိုင်ခံ့မည့်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ၏။

12. ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း။

13. ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။

14. ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။

15. သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။

16. ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။

17. အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။

18. သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။

19. အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။

ရော​မ 1