14. ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။
15. သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။
16. ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
17. အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။
18. သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
19. အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။
20. အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။
21. အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။
22. ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊
23. မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။
24. ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကိုသူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။
25. သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာရှိတော်မူ၏။ အာမင်။
26. ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။