7. ဗာဗုလုန်မြို့သည်၊ ထာဝရဘုရားကိုင်တော်မူ၍ မြေကြီးတပြင်လုံးကို ယစ်မူးစေသောရွှေဖလားဖြစ်၏။ ထိုဖလား၌ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်၍အရူးဖြစ်ကြ၏။
8. ဗာဗုလုန်မြို့သည် ချက်ခြင်းပြိုလဲ၍ ပျက်စီးပြီ။ သူ၏အတွက် ငိုကြွေးမြည်တမ်းကြလော့။ သူ၏အနာပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှါ ဗာလစံစေးကို ယူကြလော့။
9. ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေခြင်းငှါ ပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကို စွန့်ပစ်၍၊ အသီးအသီး ငါတို့နေရင်းပြည်သို့ သွားကြကုန်အံ့။ သူခံရသော အပြစ်သည် ကောင်းကင်တိုင်အောင် ရောက်၍၊ မိုဃ်းတိမ်ကို ထိလျက်ရှိ၏။
10. ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဘော်ပြတော်မူပြီ။ လာကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့၌ ကြားပြောကြကုန်အံ့။
11. မြှားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။
12. ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။
13. များစွာသော ရေအနားမှာနေ၍ စည်းစိမ်ကြီးသောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘ အလိုပျက်ချိန် ရောက်လေပြီ။
14. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ သင့်ကို ကျိုင်းကောင်များနှင့်ပြည့်စေသကဲ့သို့ လူများနှင့်ပြည့်စေမည်။ သူတို့သည်သင့်တဘက်၌ ကြွေးကြော်သံကို လွှင့်ကြလိမ့်မည်။
15. တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
16. အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှမိုဃ်းတိမ်ကို တက်စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း ဘဏ္ဍာတော်တိုက်ထဲကထုတ် တော်မူ၏။