45. ငါ၏လူတို့၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်မှ၊ အသီး အသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။
46. ထိုပြည်၌ကြားရသော သိတင်းကြောင့် စိတ်မပျက်၊ ကြောက်လန့်ခြင်းမရှိကြနှင့်။ တနှစ်ထက်တနှစ် သိတင်းကြားရလိမ့်မည်။ မင်းချင်းတယောက်ကိုတယောက် လုယူ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
47. ထိုနောက်မှဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန်ရောက်လိမ့်မည်။
48. ထိုသို့မြောက်မျက်နှာအရပ်က လုယူသော သူတို့သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ၊ မိုဃ်းမြေမှစ၍ အရပ်ရပ်၌ရှိသမျှတို့သည် ရွှင်လန်းသော အသံကို ပြုကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
49. ဗာဗုလုန်မြို့ကြောင့် ဣသရေလအမျိုးသူရဲတို့သည် လဲ၍သေသကဲ့သို့၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သား သူရဲအပေါင်းတို့သည် လဲ၍သေကြလိမ့်မည်။
50. ထားဘေးနှင့်လွတ်သောသူတို့၊ သွားကြလော့။ ရပ်၍မနေကြနှင့်။ ဝေးသောအရပ်၌ ထာဝရဘုရားကို အောက်မေ့၍၊ ယေရုရှလင်မြို့ကိုလည်း စိတ်စွဲလမ်းကြလော့။
51. ငါတို့သည်ကဲ့ရဲ့သောအသံကို ကြားသောကြောင့် အရှက်ကွဲလျက်၊ မျက်နှာပျက်လျက်နေရကြပါ၏။ တပါးအမျိုးသားတို့သည် ဗိမာန်တော်တွင်၊ သန့်ရှင်းရာ အရပ်ဌာနတော်တို့၏ အထဲသို့ဝင်ကြပါပြီ။
52. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေး၍၊ တပြည်လုံး၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသော အချိန်ရောက်လိမ့်မည်။
53. ဗာဗုလုန်မြို့သည် မိုဃ်းကောင်းကင်သို့တက်၍၊ မြို့ရိုးအထွဋ်ကို ခိုင်ခံ့စွာ တည်သော်လည်း၊ ငါစေလွှတ်၍ လုယူသော သူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
54. ဗာဗုလုန်မြို့မှ ငိုကြွေးသံကို၎င်း၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကို၎င်း ကြားရ၏။
55. အကြောင်းမူကား ထာဝရဘုရားသည် ဗာဗုလုန်မြို့ကို ဖျက်ဆီး၍၊ သူပြုတတ်သောအသံကြီးကို ငြိမ်းစေတော်မူ၏။ သူ၏လှိုင်းတံပိုးတို့သည် အားကြီးသော ရေကဲ့သို့ ဟုန်ဟုန်းမြည်သံဖြင့်၊ ကြီးစွာသောအသံဗလံကို ပြုတတ်ကြ၏။