ယေ​ရ​မိ 51:34-48 Judson Bible (BJB)

34. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား၍ နှိပ်စက်ပါပြီ။ ငါတို့ကို ဟင်းလင်းသောအိုးဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကို မျို၍၊ ငါတို့ ပျော်မွေ့စရာအရာတို့နှင့်မိမိဝမ်းကို ပြည့်စေပါပြီ။ ငါတို့ကို နှင်ထုတ်ပါပြီ။

35. ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ၏အသား၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း ဆိုရ၏။

36. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမှုကို ငါစောင့်မည်။ သင်ခံရသောအပြစ်ကို ပြန်ပေးမည်။ သူ၏ပင်လယ်ကို၎င်း၊ သူ၏စမ်းရေတွင်း တို့ကို၎င်း ငါခန်းခြောက်စေမည်။

37. ဗာဗုလုန်မြို့သည် အမှိုက်ပုံ၊ မြေခွေးနေရာတွင်း၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်။

38. ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကိုတညီတည်း ပြုကြလိမ့်မည်။

39. သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တဖန်မနိုးဘဲ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူးစေမည်။

40. အသေသတ်ခြင်းငှါ ဆွဲ၍ချသော သိုးသငယ်ကို ကဲ့သို့၎င်း၊ သိုးထီး၊ ဆိတ်ထီးကိုကဲ့သို့၎င်း ငါဆွဲ၍ချမည်။

41. ရှေရှက်မြို့ကိုတိုက်၍ ရလေပြီတကား။ မြေတပြင်လုံး၌ ကျော်စောသော မြို့ကိုလုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီတကား။

42. ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ။

43. မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ ထိုလမ်းကိုမရှောက်ရ။

44. ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကို တဖန်အန်စေမည်။ လူအမျိုးမျိုးတို့သည် နောက်တဖန်သူ့ထံမှာ စည်းဝေးရကြ။ မြို့ရိုးလည်းပြိုလဲလျက်ရှိရလိမ့်မည်။

45. ငါ၏လူတို့၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်မှ၊ အသီး အသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။

46. ထိုပြည်၌ကြားရသော သိတင်းကြောင့် စိတ်မပျက်၊ ကြောက်လန့်ခြင်းမရှိကြနှင့်။ တနှစ်ထက်တနှစ် သိတင်းကြားရလိမ့်မည်။ မင်းချင်းတယောက်ကိုတယောက် လုယူ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။

47. ထိုနောက်မှဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန်ရောက်လိမ့်မည်။

48. ထိုသို့မြောက်မျက်နှာအရပ်က လုယူသော သူတို့သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ၊ မိုဃ်းမြေမှစ၍ အရပ်ရပ်၌ရှိသမျှတို့သည် ရွှင်လန်းသော အသံကို ပြုကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။

ယေ​ရ​မိ 51