23. သင့်ကိုကိုင်၍ သိုးထိန်းနှင့်သိုးစုကို၎င်း၊ လယ်လုပ်သော သူနှင့် နွားယှဉ်ကို၎င်း၊ ဗိုလ်များနှင့် မင်းများကို ၎င်း ငါချိုးဖဲ့ပြီ။
24. သို့ရာတွင်၊ ဗာဗုလုန်မြို့သူ၊ ခါလာဒဲပြည်သား အပေါင်းတို့သည် ဇိအုန်မြို့၌ပြုလေသမျှသော ဒုစရိုက်ရှိသည်အတိုင်း၊ ငါသည် သင်တို့ မျက်မှောက်၌ သူတို့အား အပြစ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
25. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖျက်ဆီးတတ်သောသဘောရှိ၍၊ မြေကြီးတပြင်လုံးကို ဖျက်ဆီးတတ်သောတောင်ကြီး၊ သင့်တဘက်၌ ငါနေ၏။ သင့် အပေါ်မှာ ငါ၏လက်ကိုဆန့်လျက်။ ကျောက်တို့မှ သင့်ကို လှိမ့်ချ၍၊ မီးနှင့်ကျွမ်းလောင်သောတောင်ဖြစ်စေမည်။
26. တိုက်ထောင့်အထွဋ်ကျောက်၊ တိုက်မြစ်ကျောက် တစုံတခုကိုမျှ သင်၏အထဲကမနှုတ်မယူရ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
27. ထိုပြည်၌အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကိုသူ၏ တဘက်၌ ပြင်ဆင်ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည်တို့ကို သူ၏တဘက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကိုခန့်ထား၍၊ အမွေးကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီစေကြလော့။
28. လူမျိုးများတို့နှင့်တကွ၊ မေဒိရှင်ဘုရင်မှစ၍ ဗိုလ်များ၊ မင်းများ၊ မေဒိနိုင်ငံသားအပေါင်းတို့ကို သူ၏တဘက်၌ ပြင်ဆင်ကြလော့။
29. ဗာဗုလုန်ပြည်သည်တုန်လှုပ်၍ လိမ့်လိမ့်မည်။ ထိုပြည်သည်နေသူမရှိ၊ သုတ်သင်ပယ်ရှင်းရာ ဖြစ်စေခြင်း ငှါ၊ ထာဝရဘုရားကြံစည်တော်မူသော အကြံအစည်ရှိသမျှသည် ပြည့်စုံရလိမ့်မည်။
30. ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက် များ၌နေကြ၏။ အားလျော့၍မိန်းမကဲ့သို့ ဖြစ်ကြ၏။ မြို့သားနေရာတို့ကိုမီးရှို့၍၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ၏။
31-32. ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ၍၎င်း၊ လမ်းဝကို ပိတ်ထား၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့်လျက်ရှိကြပြီဟူ၍၎င်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ၊ မင်းလုလင်ချင်းတယောက်ကိုတယောက်၊ စေလွှတ်သူချင်းတယောက်ကိုတယောက် တွေ့ကြုံလျက် ပြေးလာကြ၏။
33. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ်တလင်းကဲ့သို့ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
34. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား၍ နှိပ်စက်ပါပြီ။ ငါတို့ကို ဟင်းလင်းသောအိုးဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကို မျို၍၊ ငါတို့ ပျော်မွေ့စရာအရာတို့နှင့်မိမိဝမ်းကို ပြည့်စေပါပြီ။ ငါတို့ကို နှင်ထုတ်ပါပြီ။
35. ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ၏အသား၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း ဆိုရ၏။
36. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမှုကို ငါစောင့်မည်။ သင်ခံရသောအပြစ်ကို ပြန်ပေးမည်။ သူ၏ပင်လယ်ကို၎င်း၊ သူ၏စမ်းရေတွင်း တို့ကို၎င်း ငါခန်းခြောက်စေမည်။
37. ဗာဗုလုန်မြို့သည် အမှိုက်ပုံ၊ မြေခွေးနေရာတွင်း၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်။
38. ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကိုတညီတည်း ပြုကြလိမ့်မည်။
39. သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တဖန်မနိုးဘဲ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူးစေမည်။
40. အသေသတ်ခြင်းငှါ ဆွဲ၍ချသော သိုးသငယ်ကို ကဲ့သို့၎င်း၊ သိုးထီး၊ ဆိတ်ထီးကိုကဲ့သို့၎င်း ငါဆွဲ၍ချမည်။
41. ရှေရှက်မြို့ကိုတိုက်၍ ရလေပြီတကား။ မြေတပြင်လုံး၌ ကျော်စောသော မြို့ကိုလုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီတကား။
42. ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ။
43. မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ ထိုလမ်းကိုမရှောက်ရ။