21. ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကိုအကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်း ပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။
22. ထိုပြည်၌စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။
23. မြေတပြင်လုံးကို ရိုက်နှက်သောသံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။
24. အို ဗာဗုလုန်မြို့၊ သင်အဘို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏ အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။
25. ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသောအမှုပေတည်း။
26. မြို့တဘက်မှတဘက်တိုင်အောင် တိုက်ကြလော့။ စပါးကျီတို့ကို ဖွင့်၍၊ စပါးပုံများကဲ့သို့ ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြလော့။
27. သူ၏နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ။
28. ငါတို့ဘုရားသခင်ထာဝရဘုရား၏ အမျက်တော်ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသိတင်းကို ဇိအုန်မြို့၌ကြားပြေအံ့သောငှါ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံကို ကြားရ၏။
29. လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည် ဣသရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရဘုရားတဘက်၌ ဝါကြွားပြီတကား။
30. ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌ လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
31. ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုမာနကြီးသောသူ၊ သင့်တဘက်၌ ငါနေ၏။ အကယ်စင်စစ်သင်၏အချိန်၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်လေပြီ။
32. မာနကြီးသောသူသည် ထိမိ၍ လဲပြီးမှ အဘယ်သူမျှမကြွရ။ ငါသည်လည်း သူ့နေရာမြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသောသူအပေါင်းတို့ကို လောင်လိမ့်မည် ဟု မိန့်တော်မူ၏။
33. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီးလျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။
34. သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည် သူတို့အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ်စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည်။
35. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထားဘေးသည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။
36. ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက်၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
37. ထားဘေးသည်မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည်လုယူကြလိမ့်မည်။
38. ခန်းခြောက်ခြင်းဘေးသည် မြို့၏ ရေတို့ အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။
39. ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည်။ နောက်တဖန် အဘယ်သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။
40. သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံသကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံတယောက်မျှနေရာမကျရဟု၊ ထာဝရဘုရားမိန့်တော်မူ၏။