ယေ​ရ​မိ 48:33-47 Judson Bible (BJB)

33. ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ။

34. ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင်၎င်း သုံးနှစ်အသက်ရှိသော နွားမမြည်သံကဲ့သို့အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။

35. မောဘပြည်၌မြင့်သော အရပ်ပေါ်မှာ ပူဇော်သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

36. ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက်မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ ဆည်းဖူးသော ဘဏ္ဍာဥစ္စာပျက်စီးပြီ။

37. လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။

38. အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့၊ မောဘပြည်ကို ငါခွဲသောကြောင့်၊ မောဘပြည်အိမ်မိုးများ အပေါ်၌၎င်း၊ လမ်းများ၌၎င်း၊ ညည်းတွားမြည်တမ်း ခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

39. သူတို့ကလည်း၊ မောဘပြည်ပြိုပျက်လေပြီတကား၊ ရှက်၍ဆုတ်သွားလေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည်။

40. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကိုအုပ်မိုးလိမ့်မည်။

41. မြို့တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသောကြောင့်၊ ထိုနေ့၌မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဘွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်ရလိမ့်မည်။

42. မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွားသောကြောင့်၊ နောက်တဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည်။

43. အိုမောဘအမျိုးသား၊ သင်သည် ကြောက်လန့်ဘွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။

44. ကြောက်လန့်ဘွယ်သောအရာမှ ပြေးသော သူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ကျော့မိလိမ့်မည်။ ဆုံးမခြင်းကိုခံရသော နှစ်ကာလကို မောဘပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

45. ပြေးသောသူတို့သည်အားကုန်သောကြောင့်၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း၊ ရှိဟုန်ဘုရင် နေရာဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့်၊ မာနထောင်လွှားသောသူတို့၏ အထွဋ်မှစ၍ မောဘပြည်စွန်း တိုင်အောင် လောင်လိမ့်မည်။

46. အိုမောဘပြည်၊ သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏ သားသမီးများကို သိမ်းသွင်း ကြပြီ။

47. သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘ အမျိုးသားတို့ကို နောင်ကာလ၌ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရသော အပြစ်တရားပေတည်း။

ယေ​ရ​မိ 48