ယေ​ရ​မိ 48:29-42 Judson Bible (BJB)

29. မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှား စော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း၊

30. သူ၏ဒေါသအမျက်ထွက်ခြင်းကို ငါသိသည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွားသော စကားကို ပြောလျက်နှင့်၊ မိမိအလိုမပြည့်စုံရာဟု ထာဝရဘုရား မိန့်တော်မူ၏။

31. ထိုကြောင့်၊ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောသပြည်တပြည်လုံးအတွက် ငိုကြွေးမည်။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည်။

32. အိုစိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင်လယ်တိုင်အောင် ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။

33. ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ။

34. ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင်၎င်း သုံးနှစ်အသက်ရှိသော နွားမမြည်သံကဲ့သို့အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။

35. မောဘပြည်၌မြင့်သော အရပ်ပေါ်မှာ ပူဇော်သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

36. ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက်မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ ဆည်းဖူးသော ဘဏ္ဍာဥစ္စာပျက်စီးပြီ။

37. လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။

38. အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့၊ မောဘပြည်ကို ငါခွဲသောကြောင့်၊ မောဘပြည်အိမ်မိုးများ အပေါ်၌၎င်း၊ လမ်းများ၌၎င်း၊ ညည်းတွားမြည်တမ်း ခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

39. သူတို့ကလည်း၊ မောဘပြည်ပြိုပျက်လေပြီတကား၊ ရှက်၍ဆုတ်သွားလေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည်။

40. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကိုအုပ်မိုးလိမ့်မည်။

41. မြို့တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသောကြောင့်၊ ထိုနေ့၌မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဘွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်ရလိမ့်မည်။

42. မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွားသောကြောင့်၊ နောက်တဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည်။

ယေ​ရ​မိ 48