ယေ​ရ​မိ 48:12-24 Judson Bible (BJB)

12. သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရ သော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ၏အိုးတို့ကိုသွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။

13. ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့၊ မောဘအမျိုးသည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည်။

14. ငါတို့သည်အားကြီးသောသူ၊ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း။

15. မောဘပြည်သည် ပျက်စီးပြီ။ မြို့တို့သည် ကျွမ်း လောင်ကြပြီ။ သူရွေးချယ်သောလုလင်တို့သည် ကွပ်မျက်ခြင်းကို ခံအံ့သောငှါ ဆင်းသွားကြပြီဟု၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။

16. မောဘကို လုပ်ကြံရသောအချိန်နီးပြီ။ သူခံရသောဘေးသည် အလျင်အမြန်လာ၏။

17. သူ့ပတ်လည်၌နေသော သူအပေါင်းတို့၊ သူ့အတွက်မြည်တမ်းကြလော့။ သူ၏နာမကို သိသောသူအပေါင်းတို့၊ တန်ခိုးကြီးသောလှံတံ၊ အသရေတင့်တယ် သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြလော့။

18. ဒိဘုန်မြို့၌နေသောသတို့သမီး၊ သင်ခံစားရသော စည်းစိမ်မှ ဆင်း၍အငတ်ခံလျက်ထိုင်လော့။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကို ဖျက်ဆီးလိမ့်မည်။

19. အိုအာရော်မြို့သား၊ လမ်းနားမှာရပ်၍ ကြည့်ရှုလော့။ အဘယ်အမှုရှိသနည်းဟု၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကိုမေးမြန်းလော့။

20. မောဘသည်စိတ်ပျက်လေ၏။ ပြိုလဲလျက်ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည် ပျက်စီးကြောင်းကို အာနုန်မြို့၌ ကြားပြောကြလော့။

21. လွင်ပြင်နှင့်တကွဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊

22. ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊

23. ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊

24. ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍၊ မောဘပြည်၌ ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရကြ၏။

ယေ​ရ​မိ 48