10. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ ရန်သူတို့ကို ဒဏ်ပေးရသောနေ့၊ အမျက်တော်ကို ဖြေရသောနေ့ရက်ဖြစ်သည်နှင့် အညီ၊ ထားတော်သည် ကိုက်စား၍ဝလိမ့်မည်။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားအဘို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာ အကြောင်ရှိ၏။
11. အိုအဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့ သွား၍ဗာလစံစေးကို ယူလော့။ သင်သည်များစွာသော ဆေးကိုအချည်းနှီးသုံးတတ်၏။ သင်၏အနာ မပျောက်နိုင်ရာ။
12. သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ။ သင် မြည်တမ်းသော အသံသည်းမြေတပြင် လုံး၌ နှံ့ပြားပြီး။ သူရချင်း တယောက်နှင့်တယောက် ထိခိုက်၍၊ နှစ်ယောက်တို့သည်လဲကြပြီဟု မိန့်တော်မူ၏။
13. အဲဂုတ္တုပြည်ကိုလုပ်ကြံခြင်းငှါ ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာလာမည်အကြောင်းကြောင့်၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူသောစကားဟူမူကား၊
14. သင့်ပတ်လည်၌နေသောသူတို့ကို ထားတော်သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည်၌ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သိတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။
15. သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ်မနေနိုင်ရာ။
16. လူများတို့သည် ထိမိ၍တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သောထားကြောင့် ကိုယ်အမျိုး၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ၏။
17. ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။
18. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါသည် အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင်ကဲ့သို့၎င်း၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့၎င်း ထိုမင်းသည် လာလိမ့်မည်။