ယေ​ရ​မိ 44:15-25 Judson Bible (BJB)

15. ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည်ပါသရုအရပ်၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြောကြသည်ကား၊

16. သင်သည်ထာဝရဘုရား၏ နာမတော်ကို အမှီပြု ၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်။

17. ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူးသကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ်အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာစွာ နေရကြ၏။

18. ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သောအခါ၊ အလွန်ဆင်းရဲခြင်း၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

19. ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ၏။

20. ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်းတို့အား ယေရမိပြန်ပြောသည်ကား၊

21. သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ မီးရှို့သောနံ့သာပေါင်းကို ထာဝရဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော်မူသလော။

22. သင်တို့ပြုသောဒုစရိုက်၊ စက်ဆုပ်ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင် သောကြောင့်၊ သင်တို့ပြည်သည်၊ ယနေ့ဖြစ်သည်အတိုင်း၊ နေသောသူမရှိ၊ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား။

23. သင်ကိုသည် နံ့သာအပေါင်းကို မီးရှို့၍ ထာဝရဘုရားကိုပြစ်မှားသောကြောင့်၎င်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံချက်ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့်၎င်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။

24. တဖန်မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒ လူအပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။

25. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့်သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍ သွန်းလောင်း ပူဇော်သက္ကာပြုခြင်းငှါ၊ သစ္စာဂတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ်နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာဂတိကို ဆက်ဆက်စောင့်၍၊ သစ္စာဂတိထားသည်အတိုင်း ပြုကြလိမ့်မည်။

ယေ​ရ​မိ 44