ယေ​ရ​မိ 38:7-19 Judson Bible (BJB)

7. ထိုသို့ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒမေလက်သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊

8. ထိုသူသည် နန်းတော်ထဲကထွက်၍ အထံတော်သို့ သွားပြီးလျှင်၊

9. အကျွန်ုပ်သခင်အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက် ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ချထားကြပါပြီ။ မြို့၌မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ငတ်မွတ်၍ သေပါလိမ့်မည်ဟုလျှောက်သော်၊

10. ရှင်ဘုရင်က၊ ပရောဖက်ယေရမိ မသေမှီ ဤအရပ်မှ လူသုံးဆယ်ကို ခေါ်သွား၍၊ မြေတွင်းထဲက နှုတ်ယူလော့ဟု၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့်တော်ရှိ၏။

11. ဧဗဒမေလက်သည်လည်း လူတို့ကို ခေါ်၍ နန်းတော်အတွင်း ဘဏ္ဍာတိုက်အောက်သို့ဝင်ပြီးလျှင်၊ ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ၊ ယေရမိရှိရာ မြေတွင်း၌ ကြိုးနှင့်လျှော့ချလေ၏။

12. ထိုအခါကုရှ အမျိုးသားဧဗဒမေလက်က၊ ဟောင်းနွမ်းသော ဤအဝတ်စုတ်တို့နှင့်သင်၏ လက်က တီးကြား၌ကြိုးကိုခုခံပါလော့ဟုဆိုသည်အတိုင်း ယေရမိပြုလေ၏။

13. ထိုသို့ယေရမိကိုမြေတွင်းထဲကကြိုးနှင့် ဆွဲတင်ကြ၏။ ထိုနောက် ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ၏။

14. တဖန်ဇေဒကိမင်းကြီးသည် လူကို စေလွှတ်၍၊ ဗိမာန်တော်၌ တတိယအတွင်းခန်းထဲသို့ ယေရမိကို ခေါ်ပြီးလျှင်၊ သင်၌ တစုံတခုကို ငါမေးမြန်းမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟုဆိုသော်၊

15. ယေရမိက၊ အကျွန်ုပ်လျှောက်လျှင်၊ အကျွန်ုပ်ကို မသတ်ဘဲအမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံပေးလျှင်၊ အကျွန်ုပ်စကားကို နားထောင်တော်မူ မည်လောဟု ဇေဒကိကို မေးလျှောက်လေ၏။

16. ဇေဒကိမင်းကြီးကလည်း၊ ငါတို့ကို အသက်ရှင်သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်းသော ထာဝရ ဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်ကိုငါမသတ်။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါ မအပ်ဟု ယေရမိအားတိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။

17. ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့်လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။

18. သို့မဟုတ်၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲ လူတို့လက်သို့အပ်၍၊ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း၊ သူတို့လက်နှင့်မလွတ်ရဟု ဇေဒကိကို လျှောက်ဆို၏။

19. ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကိုသူတို့ လက်သို့အပ်၍၊ ငါသည်ကဲ့ရဲ့ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆိုလျှင်၊

ယေ​ရ​မိ 38