ယေ​ရ​မိ 38:17-26 Judson Bible (BJB)

17. ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့်လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။

18. သို့မဟုတ်၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲ လူတို့လက်သို့အပ်၍၊ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း၊ သူတို့လက်နှင့်မလွတ်ရဟု ဇေဒကိကို လျှောက်ဆို၏။

19. ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကိုသူတို့ လက်သို့အပ်၍၊ ငါသည်ကဲ့ရဲ့ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆိုလျှင်၊

20. ယေရမိက၊ ကိုယ်တော်ကိုမအပ်ရ။ အကျွန်ုပ် ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင်တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော်မူမည်။

21. သို့မဟုတ်၊ ကိုယ်တော်က၊ ငါမထွက်မသွားဟု ငြင်းလျှင်၊ အကျွန်ုပ်အား ထာဝရဘုရား ပြတော်မူသော အရာဟူမူကား၊

22. နန်းတော်၌ ကျန်ကြွင်းသမျှသောမိန်းမတို့ကို ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ထိုမိန်းမတို့ကလည်း၊ ကိုယ်တော်၏အဆွေခင်ပွန်းတို့သည် သွေးဆောင်၍ နိုင်ကြပြီ။ ခြေတော်သည် ရွှံ့၌ ကျွံ၍၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည်။

23. ထိုသို့ကိုယ်တော်၏ မယားနှင့်သားသမီး ရှိသမျှတို့ကို ခါလဒဲလူတို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ကိုယ်တော်လည်း သူတို့လက်နှင့်မလွတ်ဘဲ၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်၍၊ ဤမြို့ကို မီးရှို့စေတော်မူမည်ဟု လျှောက်၏။

24. ဇေဒကိကလည်း၊ ဤစကားကို အဘယ်သူမျှ မကြားမသိစေနှင့်။ သို့ပြုလျှင်၊ သင်သည်မသေရ။

25. ငါသည် သင်နှင့်စကားပြောကြောင်းကို မှူးမတ်တို့သည် ကြား၍ သင်ရှိရာသို့လာလျက်၊ သင်သည် ရှင်ဘုရင်အား အဘယ်သို့လျှောက်သည်ကို၎င်း၊ ရှင်ဘုရင်သည် သင့်အားအဘယ်သို့ မိန့်တော်မူသည်ကို၎င်း၊ ငါတို့အား ကြားပြောပါလော့။ မထိမ်မဝှက်ပါနှင့် ဟုဆိုလျှင်၊

26. သင်ကလည်း၊ငါ့ကိုသေစေခြင်းငှါ၊ ယောနသန် အိမ်သို့ ပြန်စေတော်မမူမည်အကြောင်း၊ ရှင်ဘုရင်ထံ၌ ငါအသနားတော်ခံပြီဟု သူတို့အား ပြန်ပြောလော့ဟု၊ ယေရမိအား မိန့်တော်မူ၏။

ယေ​ရ​မိ 38