ယေ​ရ​မိ 38:1-11 Judson Bible (BJB)

1. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့ထဲမှာနေသောသူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့်သေလိမ့်မည်။

2. ခါလဒဲလူတို့ ဘက်သို့ ထွက်သွားသော သူသည် အသက်ချမ်းသာ၍၊ လက်ရ ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်ဟူ၍၎င်း၊ ဤမြို့ကို ဗာဗုလုန်ရှင် ဘုရင်၏ဗိုလ်ခြေလက်သို့ ဆက်ဆက် အပ်၍၊ သူသည် သိမ်းယူလိမ့်မည်ဟူ၍၎င်း၊

3. ထာဝရဘုရား မိန့်တော်မူ၏ဟု၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သော စကားများကို မဿန်သားရှေဖတိ၊ ပါရှုရသားဂေဒလိ၊ ရှေလမိသားယေဟုကလ၊ မာလခိသားပါရှုရတို့သည်ကြားသောအခါ၊

4. ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူသည် ဤသို့သော စကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသောစစ်သူရဲ အစရှိသော လူအပေါင်းတို့၏ လက်ကိုအားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး ၏ အကျိုးကိုမပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ ဟု လျှောက်လျှင်၊

5. ဇေဒကိမင်းကြီးက၊ သူသည် သင်တို့လက်၌ ရှိ၏။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ၏။

6. ထိုအခါ ယေရမိကို ယူ၍၊ ထောင်ဝင်းထဲမှာ ရှိသောသားတော် မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော့ချကြ၏။ ထိုမြေတွင်း၌ရေမရှိ၊ ရွံ့သာရှိ၍၊ ယေရမိသည် ရွံ့၌ ကျွံလျက်နေ၏။

7. ထိုသို့ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒမေလက်သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊

8. ထိုသူသည် နန်းတော်ထဲကထွက်၍ အထံတော်သို့ သွားပြီးလျှင်၊

9. အကျွန်ုပ်သခင်အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက် ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ချထားကြပါပြီ။ မြို့၌မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ငတ်မွတ်၍ သေပါလိမ့်မည်ဟုလျှောက်သော်၊

10. ရှင်ဘုရင်က၊ ပရောဖက်ယေရမိ မသေမှီ ဤအရပ်မှ လူသုံးဆယ်ကို ခေါ်သွား၍၊ မြေတွင်းထဲက နှုတ်ယူလော့ဟု၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့်တော်ရှိ၏။

11. ဧဗဒမေလက်သည်လည်း လူတို့ကို ခေါ်၍ နန်းတော်အတွင်း ဘဏ္ဍာတိုက်အောက်သို့ဝင်ပြီးလျှင်၊ ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ၊ ယေရမိရှိရာ မြေတွင်း၌ ကြိုးနှင့်လျှော့ချလေ၏။

ယေ​ရ​မိ 38