ယေ​ရ​မိ 34:1-11 Judson Bible (BJB)

1. ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီးသည် ဗိုလ်ခြေအပေါင်း၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင်မြို့ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွ​ေတို့ကို၎င်း တိုက်သောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတတော်သည် ယေရမိသို့ရောက်၍၊

2. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက်သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။

3. သင်သည် ထိုမင်းလက်နှင့်မလွတ်ရ။ စင်စစ် သင့်ကိုဘမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။

4. သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ထားဖြင့်အသေမခံရ။

5. ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့်အဘို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

6. ဗာဗုလုန် ရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် ယေရုရှလင်မြို့ကို၎င်း၊

7. ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှမြို့၊ အဇေကာမြို့တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်းသော မြို့တို့ကို၎င်း တိုက်သောအခါ၊ ပရောဖက် ယေရမိ သည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇေဒကိအား ဆင့်ဆိုလေ၏။

8. ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း၊

9. အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၏။

10. အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲ သားအပေါင်းတို့သည် အသီး အသီးစေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ်မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။

11. နောက်တဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေ ကြ၏။

ယေ​ရ​မိ 34