16. ထိုကာလ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက်၍၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်းရှိလိမ့်မည်။ ထိုမြို့သည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
17. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလနန်းတော်ပေါ်မှာ ထိုင်ရသော ဒါဝိဒ်မင်းရိုးမင်းစဉ်သည် အလျှင်းမပြတ်ရ။
18. ငါ့ရှေ့မှာ မီးရှို့ရာ ယဇ်ကိုပူဇော်လျက်၊ ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့လျက်၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသားယဇ်ပုရောဟိတ် ရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ၏။
19. တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်၍၊
20. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထားသော နေ့ပဋိညာဉ်နှင့် ညဉ့်ပဋိညာဉ်တရားကို သင်တို့သည် ဖျက်၍၊ နေ့ညဉ့်အပိုင်းအခြား မရှိစေခြင်းငှါ တတ် နိုင်လျှင်၊
21. ငါ၏ကျွန် ဒါဝိဒ်၌ ငါထားသော ပဋိညာဉ် ပျက်၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ် မင်းရိုးသည် ပြတ်လိမ့်မည်။ ငါ၏အမှု ထမ်းလေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။
22. မိုဃ်းကောင်းကင် တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို တောင်းတင်းနှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကို၎င်း၊ ငါ၏အမှု ထမ်းလေဝိသားတို့ကို၎င်း ငါများပြားစေမည်ဟု မိန့်တော်မူ၏။
23. တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
24. ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုး ကို တဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုး ကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။
25. ထာဝရဘုရား မိန့်တော်မူသည်ကား၊ နေ့နှင့်ညဉ့် အဘို့ငါ၏ပဋိညာဉ်မရှိလျှင်၎င်း၊ မိုဃ်းကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင်၎င်း၊
26. အာဗြဟံ၊ ဣဇာက်၊ ယာကုပ်အမျိုးကို အုပ်စိုးရသော မင်းအရာ၌၊ ယာကုပ်အမျိုးနှင့် ငါ့ကျွန်ဒါဝိဒ်၏ အမျိုးသားစဉ် မြေးဆက်ထဲက ငါရွေး၍ မခန့်ထားဘဲ စွန့်ပစ်မည်။ သို့မဟုတ် သိမ်းသွားခြင်းကိုခံရသော ထိုသူတို့ကို တဖန်ငါဆောင်ခဲ့၍ မသာနားမည်ဟု မိန့်တော်မူ၏။