ယေ​ရ​မိ 33:13-21 Judson Bible (BJB)

13. တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့၊ ဗင်္ယာမိန်ပြည်၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်၊ ယုဒမြို့များတို့၌၊ သိုးစုကိုရေတွက်သော သူ၏လက်အောက်မှာ၊ သိုးစုတို့သည် တဖန်ရှောက်သွားကြလိမ့်မည် ဟု မိန့်တော်မူ၏။

14. တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့၌ ငါထားသော ဂတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည် ရောက်လိမ့်မည်။

15. ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ငါ ပေါက်စေ၍၊ သူသည် မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။

16. ထိုကာလ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက်၍၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်းရှိလိမ့်မည်။ ထိုမြို့သည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။

17. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလနန်းတော်ပေါ်မှာ ထိုင်ရသော ဒါဝိဒ်မင်းရိုးမင်းစဉ်သည် အလျှင်းမပြတ်ရ။

18. ငါ့ရှေ့မှာ မီးရှို့ရာ ယဇ်ကိုပူဇော်လျက်၊ ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့လျက်၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသားယဇ်ပုရောဟိတ် ရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ၏။

19. တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်၍၊

20. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထားသော နေ့ပဋိညာဉ်နှင့် ညဉ့်ပဋိညာဉ်တရားကို သင်တို့သည် ဖျက်၍၊ နေ့ညဉ့်အပိုင်းအခြား မရှိစေခြင်းငှါ တတ် နိုင်လျှင်၊

21. ငါ၏ကျွန် ဒါဝိဒ်၌ ငါထားသော ပဋိညာဉ် ပျက်၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ် မင်းရိုးသည် ပြတ်လိမ့်မည်။ ငါ၏အမှု ထမ်းလေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။

ယေ​ရ​မိ 33