11. နောက်တဖန်ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သားအသံ၊ မင်္ဂလာ ဆောင်သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သော ကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာ ပူဇော်သက္ကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။
12. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံသော ဤအရပ်တွင်၊ မြို့ရွာရှိသမျှတို့၌ သိုးစုကို ထိန်းသော သိုးထိန်းနေရာရှိလေဦးမည်။
13. တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့၊ ဗင်္ယာမိန်ပြည်၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်၊ ယုဒမြို့များတို့၌၊ သိုးစုကိုရေတွက်သော သူ၏လက်အောက်မှာ၊ သိုးစုတို့သည် တဖန်ရှောက်သွားကြလိမ့်မည် ဟု မိန့်တော်မူ၏။
14. တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့၌ ငါထားသော ဂတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည် ရောက်လိမ့်မည်။
15. ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ငါ ပေါက်စေ၍၊ သူသည် မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။