32. ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ်၏။
33. သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမ သွန်သင်သော် လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ။
34. ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညှုးစေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်းထားကြပြီတကား၊
35. သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
36. သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
37. ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက်အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ၊ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင်ခဲ့ပြီးလျှင်၊ ငြိမ်ဝပ်စွာနေစေမည်။
38. သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
39. ကိုယ်အကျိုးအလိုငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးအလိုငှါ၎င်း၊ ငါ့ကိုအစဉ် ကြောက်ရွံ့စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သောသဘောကို ငါပေးမည်။
40. သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့သောသဘောနှင့် ပြည့်စုံစေမည်။
41. သူတို့အား ကျေးဇူးပြုခြင်း အမှု၌ငါသည် အားရဝမ်းမြောက်၍၊ ငါ့စိတ်နှလုံးနှင့် နံဝိညာဉ်အကြွင်းမဲ့ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။
42. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုး အပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည်နည်းတူ၊ ငါဂတိထားသော ကောင်းကျိုး အပေါင်းကိုလည်း ငါရောက်စေမည်။
43. လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ၊ ခါလဒဲလူတို့ လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။
44. ဗင်္ယာမိန်ပြည်၌၎င်း၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်တို့၌၎င်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌၎င်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌၎င်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကို စီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထားခြင်းအမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို တဖန် ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။