1. ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊
2. ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊
3. ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာသို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊
4. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့အား မိန့်တော်မူသည်ကား၊
5. အိမ်တို့ကိုဆောက်၍ နေရာချကြလော့။
6. ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကို ဘွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား၍၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့။
7. ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဘို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည်။
8. ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင် စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။
9. တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူမဟုတ်ဘဲ၊ ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြောတတ်ကြ၏။
10. တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကိုတည်စေ၍၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည်။
11. တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။
12. တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။