8. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းဘိုးကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါအပြစ်ပေးမည်။
9. သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အားပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သော ဆရာတို့၏ စကားကို နားမထောင်ကြနှင့်။
10. ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ ရွှေ့သွားစေခြင်းငှါ၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှါ၎င်း မုသာစကားကို ဟောပြောတတ်ကြ၏။
11. ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးထမ်း၍၊ သူ၏ အစေကိုခံသော လူမျိုးတို့အား၊ မိမိတို့ပြည်၌နေရသော အခွင့်ကို ငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
12. ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒ ရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ ထမ်းဘိုးကိုထမ်း၍၊ သူနှင့် သူ၏လူများ အစေကို ခံလျက်၊ အသက်ချမ်းသာပါလော့။