ယေ​ရ​မိ 17:7-20 Judson Bible (BJB)

7. ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။

8. ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ်သော အပင်နှင့်အတူ၏။

9. စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။

10. ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။

11. ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသောသူသည် အသက် ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။

12. ရှေ့ဦးစွာမှစ၍ မြင့်သော အရပ်၌ ဘုန်းကြီးတော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာနတော် အရပ်ဖြစ်၏။

13. အိုဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲရကြပါလိမ့်မည်။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေတွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြသတည်း။

14. အို ထာဝရဘုရား၊ အကျွန်ုပ်၏ အနာကို ငြိမ်းစေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ၏။

15. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။

16. အကျွန်ုပ်သည် နောက်တော်သို့ လိုက်သောဆရာ၏အရာကို မရှောင်ပါ။ အမင်္ဂလာနေ့ကို မတောင့်တပါ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော်မူ၏။ ကိုယ်တော်မျက်မှောက်၌ ရှိပါ၏။

17. အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။

18. အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ်ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော်မူပါ။

19. ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သောအမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင်မြို့တံခါးဝ၌ သွား၍ရပ်လျက်၊

20. လူများတို့အား ပြောဆိုရမည်မှာ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရုရှလင်မြို့သားများအပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။

ယေ​ရ​မိ 17