3. အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာနှင့်သိုထားသမျှသော ဥစ္စာကို၎င်း၊ ပြည်တရှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကို၎င်း၊ လုယူသော သူတို့လက်သို့ ငါအပ်မည်။
4. သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့သွားရလိမ့်မည်။ သင်မသိသော ပြည်တွင်၊ ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား၊ အစဉ်အလာသောငါ၏ အမျက်မီးကို သင်တို့သည် မွေးကြပြီ။
5. ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။
6. ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။
7. ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။
8. ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ်သော အပင်နှင့်အတူ၏။
9. စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
10. ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။
11. ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသောသူသည် အသက် ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။
12. ရှေ့ဦးစွာမှစ၍ မြင့်သော အရပ်၌ ဘုန်းကြီးတော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာနတော် အရပ်ဖြစ်၏။
13. အိုဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲရကြပါလိမ့်မည်။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေတွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြသတည်း။