ယေ​ရ​မိ 10:6-16 Judson Bible (BJB)

6. အိုထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော် သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။

7. အိုလူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌၎င်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌၎င်း ကိုယ်တော်နှင့် တူသောသူတစုံတယောက်မျှ မရှိပါ။

8. သူတို့သည် တလုံးတဝတည်း တိရစ္ဆာန်သဘောနှင့် မိုက်သော သဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ်၏။

9. ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာ ငွေပြားကို တာရှုမြို့မှ၎င်း၊ ရွှေကိုလည်း ဥဖတ်မြို့မှ၎င်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့်ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။

10. ထာဝရဘုရားမူကား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုးတို့သည် အမျက်တော်ကို မခံနိုင်ကြ။

11. သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသော ဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။

12. ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။

13. အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုဃ်းတိမ်ကို တက်စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏။

14. လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။

15. ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်းဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ၌ ကွယ်ပျောက်ကြလိမ့်မည်။

16. ယာကုပ်အမျိုး၏အဘို့သည် ထိုသို့သောအရာနှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားပေတည်း။

ယေ​ရ​မိ 10