13. ရောင်းသောသူသည် အသက်လွတ်လျက်ရှိသော်လည်း၊ ရောင်းသော မြေသို့ပြန်၍ မလာရ။ ထိုလူအစုအဝေးအပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် မပြည့်စုံဘဲမနေရ။ မတရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမတည်နိုင်ရ။
14. စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော်လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။
15. ပြင်၌ ကားထားရှိ၏။ အတွင်း၌ကားနာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်းအားဖြင့် ဆုံးလိမ့်မည်။
16. သို့ရာတွင် လွတ်သောသူတို့သည် လွတ်သောအခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြလိမ့်မည်။
17. ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။
18. သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့်ကိုယ်ကို ခြုံလျက်၊ တယောက်မျှမကြွင်း၊ မျက်နှာရှက်ကြောက်လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။
19. သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကိုညစ်ညူးသောအရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက် တော်မူသောကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင်။ သူတို့အလိုဆန္ဒကို မဖြေနိုင်။ ဝစွာမကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။
20. သူတို့၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ၍၊ သူတို့၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း၊ ရွံ့ရှာဘွယ်သောအရာတို့ကို၎င်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည်။
21. တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။
22. ငါလည်းမျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။
23. သံကြိုးကိုလုပ်လော့။ အကြောင်းမူကား၊ ပြည်သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ညှင်းဆဲနှိပ်စက်ခြင်းနှင့် ပြည့်၏။
24. ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့်မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်းစေမည်။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည်။
25. ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်းကို ရှာ၍ မတွေ့ရကြ။
26. ဘေးတခုနောက်တခု၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရားဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။
27. ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်းလိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ်ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ ငါပြု မည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။