1. နောက်တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2. အချင်းလူသား၊ အရှင်ထာဝရဘုရားသည် ဣသရေလပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ ရောက်ကြ၏။
3. သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏အမျက်ကို ငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့် အလျောက်ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။
4. ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံ့ရှာဘွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
5. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးတခု နောက်တခု ရောက်လာ၏။
6. ဆုံးခြင်းဘေးရောက်လာ၏။ ဆုံးခြင်းဘေး ရောက်လာ၏။ သင့်ကို စောင့်လျက်ရောက်လာ၏။
7. အိုပြည်တော်သား၊ သင်သည် အလှည့်ခံရသော အချိန်ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေးကြော်ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်းအမှုကိုပြုရသောနေ့နီးပြီ။
8. ငါသည် မကြာမမြင့်မှီသင်၏ အပေါ်သို့ ငါ၏ ဒေါသအရှိန်ကို သွန်းလောင်းမည်။ သင်၌ ငါ့အမျက် အလိုကို ပြည့်စုံစေမည်။ သင်၏အကျင့်အတိုင်း စီရင်မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့၏အကျိုး အပြစ်ကိုဆပ်ပေးမည်။