ယေ​ဇ​ကျေ​လ 6:1-11 Judson Bible (BJB)

1. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊

2. အချင်းလူသား၊ သင်သည် ဣသရေလတောင်တို့ကို မျက်နှာပြု၍၊ သူတို့တဘက်၌ ပရောဖက်ပြုလော့။

3. အိုဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်၊ ချိုင့်တို့အား မိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်သင်တို့ အပေါ်သို့ ထားကိုရောက်စေ၍၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။

4. သင်တို့ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။

5. ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကို ချထား၍၊ ယဇ်ပလ္လင်တို့ပတ်လည်၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည်။

6. သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင်တို့သည် သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တု ဆင်းတုအမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကို ခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက်လျက်ရှိကြလိမ့်မည်။

7. သင်တို့အလယ်၌သူရဲတို့သည် လဲ၍သေကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။

8. သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ထားနှင့် လွတ်သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထားမည်။

9. ငါ့ကိုစွန့်ပစ်၍မှားယွင်းတတ်သော နှလုံးကို၎င်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့်သော မျက်စိတို့ကို၎င်း ငါပယ်ဖျက်သောအခါ၊ လွတ်သောသူတို့သည်သိမ်းသွားခြင်းကို ခံရာအပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသောစက် ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြလိမ့်မည်။

10. ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါ ထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ် ကြောင်းကို သိရကြလိမ့်မည်။

11. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုဆိုးတို့ကြောင့်၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူကား၊ သူတို့သည်ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေးတို့ဖြင့်လဲ၍ သေကြလိမ့်မည်။

ယေ​ဇ​ကျေ​လ 6