ယေ​ဇ​ကျေ​လ 5:1-11 Judson Bible (BJB)

1. တဖန်တုံ၊ အချင်းလူသား၊ ထက်သောထား တည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့်မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့် ချိန်၍ အစုစုခွဲထားလော့။

2. မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစုတစုကို မြို့ထဲမှာ မီးရှို့လော့။ တစုကိုထားနှင့်ခုတ်ဖြတ်လော့။ တစုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည်။

3. အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။

4. ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့ လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။

5. တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ ရှိသောတိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊

6. ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည်သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။

7. သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့်ကျင်သောကြောင့်၎င်း၊ ငါ၏စီရင်ချက်လမ်းသို့မဟုတ်၊ ငါ၏ပညတ်တရား ကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့၏ထုံးစံဓလေ့သို့လိုက်သောကြောင့်၎င်း၊

8. ငါသည်ကိုယ်တိုင်သင့်တဘက်၌ နေ၍၊ တပါးအမျိုးသားတို့ရှေ့မှာ သင်၌အပြစ်ဒဏ်ကိုစီရင်မည်။

9. သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ်ကို သင်၌ စီရင်မည်။

10. သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြလိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်။

11. ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာဌာနကို သင်သည်ညစ်ညူးစေသောကြောင့်၊ ငါသည်လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။

ယေ​ဇ​ကျေ​လ 5