15. နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေးသော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
16. မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေးထောင်ငါးရာ၊ တောင်ဘက်၌လေးထောင်ငါးရာ၊ အရှေ့ ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေးထောင်ငါးရာရှိရမည်။
17. မြို့နယ်ကား၊ မြောက်ဘက်၌နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာ ငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။
18. သန့်ရှင်းသော မြေအနားမှာအလျား၌ ကြွင်းသေးသော အရှေ့ဘက်၌ တသောင်း၊ အနောက်ဘက်၌ တသောင်းကျယ်သော မြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဘို့ ဖြစ်ရမည်။
19. မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်း ထဲက ရွေးကောက်ရမည်။
20. ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။
21. ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည်။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာကျရမည်။
22. ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဘက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှသည် မင်းသားအဘို့ဖြစ်ရမည်။
23. ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
24. ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရှိမောင်ခရိုင်ရှိရမည်။
25. ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည်။
26. ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။