1. ဣသရေလအမျိုးခရိုင်စုအမည်ကား၊ မြောက် ဘက်၌ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ်မြို့နယ်တိုင်အောင်၎င်း၊ အရှေ့ဘက်မှသည် ပင်လယ်တိုင်အောင်၎င်း ဒန်ခရိုင်ရှိရမည်။
2. ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။
3. အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။
4. နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။
5. မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။
6. ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။
7. ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
8. ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာန ရှိရမည်။
9. ထာဝရဘုရားအား ပူဇော်ရသောမြေကွက်မူကား၊ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိရမည်။
10. ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရောဟိတ်ဘို့ ဖြစ်၍ မြောက်ဘက်၌နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌အနံတသောင်း၊ အရှေ့ဘက်၌ အနံ တသောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင် ကျယ်၍၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
11. ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသောအခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကို အစဉ်ဆောင်၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။
12. လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သောမြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည်။
13. ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်း ရှိရမည်။
14. ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်းသောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ်ရ။ အဘိုးနှင့်မရောင်းရ။
15. နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေးသော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
16. မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေးထောင်ငါးရာ၊ တောင်ဘက်၌လေးထောင်ငါးရာ၊ အရှေ့ ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေးထောင်ငါးရာရှိရမည်။
17. မြို့နယ်ကား၊ မြောက်ဘက်၌နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာ ငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။