ယေ​ဇ​ကျေ​လ 44:6-18 Judson Bible (BJB)

6. ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဣသရေလအမျိုးသားတို့၊

7. သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်းငှါ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံသောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲသော စိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများအားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။

8. ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။

9. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသော ကိုယ်ရှိသောတပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။

10. ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွားသောအခါ၊ ငါ့ထံမှထွက်၍လမ်းလွှဲသော လေဝိသားတို့သည်လည်း ကိုယ်အပြစ်ကို ခံရကြမည်။

11. သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သော အမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ရာယဇ်နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကို သတ်၍၊ လူများ ကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။

12. သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့်၊ ဣသရေလအမျိုးထိမိ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့်၊ သူတို့တဘက်၌ငါကျိန်ဆို၍၊ သူတို့သည် ကိုယ်အပြစ်ကို ခံရကြမည်။

13. ယဇ်ပုရောဟိတ်လုပ်၍ ငါ့ထံသို့မချဉ်းကပ်ရကြ။ အလွန်သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ။ ကိုယ်အရှက်ကွဲခြင်း၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ခံရကြမည်။

14. အိမ်တော်ကိုစောင့်၍၊ အိမ်တော်၌ ခပ်သိမ်းသောအမှုတို့ကို ဆောင်ရွက်စေခြင်းငှါ ငါခန့်ထားမည်။

15. ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေသော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရော ဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှါ ငါ့ထံသို့ ချဉ်းကပ်ကြ၏။ ငါ့အားဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

16. ထိုသူတို့သည် ငါ၏သန့်ရှင်းရာဌာနထဲသို့ဝင်၍ ငါ့အမှုကိုဆောင်ခြင်းငှါ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ်၍ ငါ့အမှုစောင့်ဖြစ်ရကြမည်။

17. သူတို့သည် အတွင်းတန်တိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်း တန်တိုင်းတံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။

18. ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း၍၊ ခါး၌ ပိတ်ပေါင်းဘီကိုဝတ်ရကြမည်။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ။

ယေ​ဇ​ကျေ​လ 44