ယေ​ဇ​ကျေ​လ 44:1-11 Judson Bible (BJB)

1. ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာပြုသော ပြင်တံခါးသို့ ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။

2. ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူ ကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။

3. မင်းသားအဘို့ဖြစ်၏။ မင်းသားသည် ထာဝရဘုရားရှေ့တော်၌ စားသောက်၍ထိုတံခါးဝမှာ ထိုင်ရလိမ့်မည် မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင်ရလိမ့်မည်ဟု မိန့်တော်မူ၏။

4. ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍။ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည် ပြပ်ဝပ်လျက်နေ၏။

5. ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဘို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင်လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။

6. ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဣသရေလအမျိုးသားတို့၊

7. သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်းငှါ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံသောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲသော စိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများအားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။

8. ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။

9. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသော ကိုယ်ရှိသောတပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။

10. ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွားသောအခါ၊ ငါ့ထံမှထွက်၍လမ်းလွှဲသော လေဝိသားတို့သည်လည်း ကိုယ်အပြစ်ကို ခံရကြမည်။

11. သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သော အမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ရာယဇ်နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကို သတ်၍၊ လူများ ကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။

ယေ​ဇ​ကျေ​လ 44