14. တဖန်ဆိုးသောသူအား သင်သည် စင်စစ်အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကို ရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျက်၊
15. ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသောဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲ အသက်ရှင်ရာ ပညတ်တရားလမ်းသို့လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။
16. ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ၌ မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်။
17. သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက်မဖြောင့်ပါတကား။
18. ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့်၍ ဒုစရိုက်ကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည်။
19. ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။
20. သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုးသားတို့၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ၏။
21. သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော၏။
22. ထိုသူမရောက်မှီ ညဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော်ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။
23. ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
24. အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်၌ နေသေးသောသူတို့က၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော်၊
25. သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
26. ထားကို ခိုလှုံလျက်၊ စက်ဆုပ်ဘွယ်သောအမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။