ယေ​ဇ​ကျေ​လ 27:5-17 Judson Bible (BJB)

5. သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရူး သစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဘို့ လေဗနန်အာရဇ်ပင်တို့ကို ယူကြပြီ။

6. ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကို၎င်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့်တို့ကို၎င်း လုပ်ကြပြီ။

7. အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက် တို့ကို ဖြန့်၍၊ ဧလိရှကျွန်းတို့မှယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့် လုပ်သောမျက်နှာကြက်နှင့် ပြည့်စုံ၏။

8. ဇိဒုန်မြို့သား၊ အာဝဒ်မြို့သားတို့သည် သင်္ဘောသားဖြစ်၍၊ တုရုပညာရှိတို့သည်လမ်းပြမာလိန်ဖြစ်ကြ၏။

9. ဂေဗလလူကြီး၊ ပညာရှိတို့သည် သင့်ကို ပြုပြင်လျက်လိုက်ကြ၏။ ပင်လယ်ကူးတတ်သော သင်္ဘောရှိသမျှ၊ သင်္ဘောသားတို့နှင့်တကွ သင်နှင့် ဖောက်ကားရောင်းဝယ်ခြင်းငှါ ပါကြ၏။

10. ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏ တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှားစေကြ၏။

11. အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေကြ၏။

12. သင်၌ကုန်သွယ်ရန် ဥစ္စာများသောကြောင့်၊ တာရှုမြို့သည်ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့်ကုန်သွယ်ခြင်းကို ပြုလေ၏။

13. ယာဝန်မြို့၊ တုဗလမြို့။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။

14. တောဂါမအမျိုးသားတို့သည်မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။

15. ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ များစွာသော တကျွန်းတနိုင်ငံ အရပ်သားတို့သည် သင်လုပ်သော ဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သားနက်ကို ပြန်ပေးကြ၏။

16. သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ဗြာသောအထည်၊ ချယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။

17. ယုဒပြည်နှင့်ဣသရေလပြည်သည် သင်နှင့်ကုန် သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကို သင့်ဈေး၌ သွင်းကြ၏။

ယေ​ဇ​ကျေ​လ 27