4. ထိုသို့သင်၌ တရားသောသူ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်းရှိသောကြောင့်၊ ငါ့ထားသည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု၍ မိမိအိမ်မှ ထွက်ရလိမ့်မည်။
5. ငါထာဝရဘုရားသည် ငါ့ထားကို သူ့အိမ်မှ ထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုထားသည် နောက်တဖန် အိမ်သို့ မပြန်ရ။
6. သို့ဖြစ်၍၊ အချင်းလူသား၊ ညည်းတွားသံကို ပြုလော့။ ခါးကျိုးလျက်၊ နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့။
7. သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွားသနည်းဟု သင့်ကိုမေးသောအခါ၊ သင်က၊ ငါသည် သိတင်းစကားကြောင့် ညည်းတွား၏။ အမှုနီးပြီ၊။ လူ အပေါင်းတို့သည် ကြောက်အားကြီး၍ လက်အား လျော့ကြလိမ့်မည်။ စိတ်ပျက်၍ ဒူးသည်လည်းအရည်ဖြစ်လိမ့်မည်။ အမှုလာ၍ရောက်မည်အကြောင်းကို၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ၏။
8. တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
9. အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထားတော်ကို ထက်စွာ သွေးလေပြီ။ ပြောင်လက်စွာ ပွတ်လေပြီ။
10. ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှါ သွေးလေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှါလည်း ပွတ်လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။
11. သုံးစရာဘို့ ပွတ်စေခြင်းငှါ အပ်ထားပြီ။ လုပ်ကြံသောသူ၌ အပ်ခြင်းငှါ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။