ယေ​ဇ​ကျေ​လ 20:37-49 Judson Bible (BJB)

37. နှင်တံအောက်မှာ ရှောက်သွားစေ၍၊ ပဋိညာဉ် အချည်အနှောင်ကိုခံစေမည်။

38. ငါ့ကိုပုန်ကန်၍ ပြစ်မှာသောသူတို့ကို သင်တို့ထဲက နှုတ်ပယ်မည်။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း၊ ဣသရေလပြည်သို့ မဝင်ကြရ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

39. အိုဣသရေလအမျိုးသားတို့၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သွားကြလော့။ အသီးအသီးမိမိတို့ ရုပ်တုမျာကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တဖန်ငါ့စကားကို သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သက္ကာများနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။

40. အကြောင်းမူကား၊ ငါ၏သန့်ရှင်းသောတောင်၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလ အမျိုးသား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အား ဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်း လက်ခံ၍၊ ထိုအရပ်၌ သင်တို့ပြုသောပူဇော်သက္ကာများ၊ အဦးသီးသော အသီးတွင်ရွေး၍ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည်။

41. သင်တို့သည် ကွဲပြားလျက်နေသောအတိုင်း တိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့၍ စုဝေးသောအခါ၊ သင်တို့၌ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ၊ သင်တို့ကို ငါသည်လက်ခံ၍၊ သင်တို့အားဖြင့်တပါးအမျိုး သားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည်။

42. သင်တို့၏ ဘိုးဘေးတို့အားပေးခြင်းငှါ၊ ကျိန်ဆို သော ဣသရေလပြည်သို့ သင်တို့ကို ဆောင်သွင်းသော အခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။

43. သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှု ရှိသမျှတို့ကို ထိုပြည်၌ အောက်မေ့၍၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။

44. အိုဣသရေလအမျိုးသားတို့၊ သင်တို့၏ဒုစရိုက်များ၊ သင်တို့ ဆိုးညစ်သောအကျင့်များနှင့်အညီ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ်နာမတော်ကိုထောက်၍ စီရင်သောအခါ ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

45. တဖန်ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

46. အချင်းလူသား၊ တောင်ဘက်သို့ မျက်နှာ ပြုလျက်၊ တောင်မျက်နှာတဘက်၌မြွက်ဆို၍၊ တောင်ပြည်၌ရှိသော တောတဘက်၌ဟောပြောလော့။

47. အရှင်ထာဝရဘုရား၏ အမိန့်တော်ကို တောင်ပြည်၌ရှိသော တောအားဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသောအပင်၊ သွေ့ခြောက်သောအပင်ရှိသမျှ လောင်လိမ့်မည်။ တောက်သော မီးလျှံသည်မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင် မြေတပြင်လုံးလောင်လိမ့်မည်။

48. ထိုမီးကို ငါထာဝရဘုရားညှိကြောင်းကို၊ သတ္တဝါအပေါင်းတို့သည် သိရကြလိမ့်မည်။ ထိုမီးသည် မငြိမ်းရဟု မိန့်တော်မူ၏။

49. ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ သူတို့က၊ ဤသူသည်ပုံပမာ ကိုသာဆောင်၍ ဟောပြောတတ်သည် မဟုတ်လောဟု၊ အကျွန်ုပ်ကို ရည်မှတ်၍ဆိုတတ်ကြပါသည်ဟု လျှောက်လေ၏။

ယေ​ဇ​ကျေ​လ 20