ယေ​ဇ​ကျေ​လ 12:12-26 Judson Bible (BJB)

12. သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ထမ်း၍ ညဦးယံအချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွားစရာဘို့ အုတ်ရိုးကိုတူးဖော်ရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရလိမ့်မည်။

13. ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ ကျော့ကွင်း၌ ကျော့မိစေသည်။ ခါလဒဲပြည်ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကို မမြင်ရ။

14. သူ့ကိုမစခြင်းငှါ ဝိုင်းသောသူတို့နှင့် တပ်သား အပေါင်းတို့ကို အရပ်ရပ်သို့ဖြန့်ကြဲမည်။ သူတို့နောက်၌ လည်း ထားကို လွှတ်လိုက်မည်။

15. လူအမျိုးမျိုးတို့တွင် ကွဲပြားစေ၍၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲသောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။

16. သို့ရာတွင်၊ ထားဘေး၊မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဘူးသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တပါးအမျိုးသား နေရာပြည်တို့၌ ဘော်ပြကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။

17. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

18. အချင်းလူသား၊ တုန်လှုပ်လျက်အစာကို စားလော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက်လော့။

19. အရှင်ထာဝရဘုရားသည် ဣသရေလပြည်၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည်။ မိန်းမောတွေဝေလျက်ရေကို သောက်ရကြမည်။ ထိုသို့သောအားဖြင့်၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့်၊ ဣသရေလပြည် သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။

20. လူနေသောမြို့တို့သည်လည်း ပျက်စီး၍၊ တပြည်လုံးဆိတ်ညံလျက် ရှိရလိမ့်မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

21. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

22. အချင်းလူသား၊နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ်သို့နည်း။

23. သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက် ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့်စုံကြလိမ့်မည်ဟု ပြောလော့။

24. နောက်တဖန် ဣသရေလအမျိုး၌ အချည်းနှီး သောရူပါရုံမရှိရ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ။

25. ငါသည် ထာဝရဘုရားဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့ လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

26. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

ယေ​ဇ​ကျေ​လ 12