4. ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ်အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုဃ်းတိမ်းနှင့်ပြည့်၏။တန်တိုင်းသည်လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့်ပြည့်၏။
5. အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကို ကြားရ၏။
6. ပိတ်အဝတ်ကိုဝတ်သောသူအားလည်း၊ ရထားဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။
7. ခေရုဗိမ်တပါးသည် ခေရုဗိမ်စုထဲက လက်ကို ဆန့်၍၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင်၊ ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်း ခံယူ၍ထွက်သွား၏။
8. ခေရုဗိမ်အတောင်အောက်၌ လူလတ်ကိုလည်း ငါမြင်၏။
9. ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီး တခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်း အရောင်ရှိ၏။
10. ဘီးလေးခုတို့သည်ပုံသဏ္ဌာန်တညီတည်းရှိ၍၊ ဘီးတခုထဲ၌ ဘီးတခုတပ်သကဲ့သို့ရှိကြ၏။
11. သွားသောအခါ ဘီးလေးမျက်နှာတညီတည်း နေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာပြုသော ဘက်သို့လိုက်၍ မလှည့်ဘဲ သွားကြ၏။
12. ဘီးလေးခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော၊ လက်၊ အတောင်မှစ၍ တကိုယ်လုံး၌ မျက်စိနှင့် ပြည့်ကြ၏။
13. ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ်သည်ကို ငါကြား၏။
14. ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ၍၊ ပဌမ မျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။
15. ထိုခေရုဗိမ်တို့သည် ချီကြွလျက်ရှိကြ၏။ ဤသည်ကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော သတ္တဝါပေတည်း။
16. ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ၏။ ခေရုဗိမ်တို့သည် မြေကြီးမှ တက်အံ့သောငှါ အတောင်တို့ကို ဖြန့်သောအခါ၊ ဘီးတို့သည် မကွာဘဲလိုက်ကြ၏။