ယော​ရှု 8:16-27 Judson Bible (BJB)

16. သူတို့ကို လိုက်ခြင်းငှါ၊ အာဣမင်းကြီးသည် မြို့၌ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ၏။

17. ဣသရေလအမျိုးသားတို့ကိုမလိုက်ဘဲ၊ အာဣမြို့နှင့် ဗေသလမြို့၌ ယောက်ျားတယောက်မျှ မနေ၊ မြို့ကို လှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက်ကြ၏။

18. ထာဝရဘုရားကလည်း၊ သင်ကိုင်သောလှံကို အာဣမြို့သို့ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှုသည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ၏။

19. ရွယ်သောအခါ၊ ကင်းတပ်သားတို့သည် ချက်ခြင်းထ၍ အလျင်အမြန်ပြေးလျက် မြို့ထဲသို့ဝင်မိလျှင်၊ ကြိုးစား၍သိမ်းယူပြီးမှ မီးရှို့ကြ၏။

20. အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကိုလောင်သော မီး၏အခိုးသည် မိုဃ်းကောင်းကင်သို့ တက်လျက်ရှိသည်ကို မြင်သောအခါ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မတတ်စွမ်းနိုင်ကြ။ တောသို့ပြေးသောသူတို့သည်လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။

21. ကင်းတပ်သားတို့သည် မြို့ကိုရ၍ မြို့၌ မီးခိုးတက်လျက် ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည်မြင်လျှင်၊ တဖန် ပြန်လှည့်၍ အာဣမြို့ သားတို့ကို တိုက်သတ်ကြ၏။

22. အခြားသောသူတို့သည်လည်း မြို့ထဲကထွက်၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣလူတို့ကို ညှပ်၍တိုက်သဖြင့် တယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှါ လုပ်ကြံကြ၏။

23. အာဣမင်းကြီးကို အရှင်ဘမ်း၍ ယောရှုထံသို့ ဆောင်ခဲ့ကြ၏။

24. ဣသရေလအမျိုးသားတို့သည် လွင်ပြင်၌၎င်း၊ လိုက်ရှာရာတော၌၎င်း၊ အာဣမြို့သားအပေါင်းတို့ကိုလုပ်ကြံ၍ ထားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ၊ တဖန် မြို့သို့ပြန်လာ၍ ထားဖြင့် လုပ်ကြံကြ၏။

25. ထိုနေ့၌ တသောင်းနှစ်ထောင်ခန့်မျှရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ၏။

26. အာဣမြို့သူမြို့သားအပေါင်းတို့ကို အကုန်အစင် မဖျက်ဆီးမှီတိုင်အောင် ယောရှုသည် လှံကိုင်သောလက်ကို မသိမ်းမရုပ်။

27. သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာထားတော်မူသော စကားအတိုင်း၊ တိရစ္ဆာန်များနှင့် လက်ရဥစ္စာများကို၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။

ယော​ရှု 8