15. ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ၏။
16. သူတို့ကို လိုက်ခြင်းငှါ၊ အာဣမင်းကြီးသည် မြို့၌ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ၏။
17. ဣသရေလအမျိုးသားတို့ကိုမလိုက်ဘဲ၊ အာဣမြို့နှင့် ဗေသလမြို့၌ ယောက်ျားတယောက်မျှ မနေ၊ မြို့ကို လှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက်ကြ၏။
18. ထာဝရဘုရားကလည်း၊ သင်ကိုင်သောလှံကို အာဣမြို့သို့ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှုသည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ၏။