ယော​ရှု 8:1-13 Judson Bible (BJB)

1. တဖန် ထာဝရဘုရားကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ပါသော စစ်သူရဲအပေါင်းတို့ကိုခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣမင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ငါအပ်မည်။

2. ယေရိခေါမြို့နှင့် မင်းကြီးအားပြုသကဲ့သို့ အာဣမြို့နှင့် မင်းကြီးအားပြုရမည်။ သို့ရာတွင် လုယူသောဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဘို့သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကိုထားရမည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊

3. ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ကို တိုက်ခြင်းငှါ ထကြ၏။ ယောရှုသည် ခွန်အားကြီးသောစစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညဉ့်အခါစေလွှတ်လျက်၊

4. သင်တို့သည် ထိုမြို့ကိုတိုက်ခြင်းငှါ မြို့နောက်မှာ ကင်းထိုးလျက်နေကြလော့။ မြို့နှင့် ဝေးဝေးခွာ၍ မသွားကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။

5. ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့တိုက်ခြင်းငှါ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။

6. သူတို့လည်းလိုက်ခြင်းငှါ မြို့ထဲကထွက်၍၊ မြို့နှင့် ကွာမှန်းကိုမသိဘဲခွါ၍ လိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ရှေ့မှာ ငါတို့သည်ပြေးသောအခါ၊ ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည်။

7. ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။

8. တိုက်၍အောင်သောအခါ မြို့ကို မီးရှို့ရကြမည်။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည်။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ၏။

9. ယောရှုစေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှါသွား၍၊ ဗေသလမြို့နှင့် အာဣမြို့စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာ နေကြ၏။ ယောရှုသည် ထိုညဉ့်တွင်လူများထဲမှာနေသေး၏။

10. နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့သို့ အဦးချီသွားလေ၏။

11. ယောရှု၌ပါသော စစ်သူရဲအပေါင်းတို့သည်လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တခုရှိ၏။

12. တဖန်အာဣမြို့အနောက်၊ ထိုမြို့နှင့် ဗေသလမြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှါ လူငါးထောင်ခန့်မျှ ထားလေ၏။

13. ထိုသို့လျှင်၊ မြို့မြောက်ဘက်မှာ ဗိုလ်ခြေအပေါင်းခင်းကျင်းလျက်၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက်၊ အသီးသီး နေရာကျကြသောအခါ၊ ယောရှုသည် ထိုညဉ့်တွင် ချိုင့်အလယ်သို့ သွားလေ၏။

ယော​ရှု 8