ယော​ရှု 7:6-21 Judson Bible (BJB)

6. ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်းပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။

7. ယောရှုကလည်း၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့်ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။

8. အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ်သည် အဘယ်သို့ ပြောရပါမည်နည်း။

9. ခါနနိလူ အစရှိသော ဤပြည်သူပြည်သားအပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကိုဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။

10. ထာဝရဘုရားကလည်း၊ ထလော့။ အဘယ်ကြောင့် ဝပ်၍နေသနည်း။

11. ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထားသော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထားလေပြီ။

12. ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ်သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲက မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။

13. ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန်နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာသည် သင်တို့အထဲ၌ ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။

14. နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အလိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသော အမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြ မည်။ ထာဝရဘုရားမှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသောအိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည်။

15. ကျိန်အပ်သောအရာပါလျက် မှတ်တော်မူသောသူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူကား၊ သူသည် ထာဝရဘုရား၏ပဋိညာဉ်တရားကို ဖျက်၍ ဣသရေလအမျိုး၌ အဓမ္မအမှုကိုပြုလေပြီဟု ယောရှုအား မိန့်တော်မူ၏။

16. နံနက်စောစော ယောရှုသည်ထ၍ ဣသရေလလူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုးကို မှတ်တော်မူ၏။

17. ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအမျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။

18. ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သောအာခန်ကို မှတ်တော်မူ၏။

19. ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကိုဘော်ပြတောင်းပန်ပါလော့။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထားပါနှင့်ဟု အာခန်အားဆိုလျှင်၊

20. အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှုဟူမူကား၊

21. လုယူသောဥစ္စာတို့တွင် မြတ်သောဗာဗုလုန်ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန်တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော်တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါသည်ဟု ယောရှုအား ပြန်လျှောက်လေ၏။

ယော​ရှု 7