1. ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက်ရှိ၍၊ ထွက်သောသူ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ၊
2. ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ကို သင့်လက်၌ ငါအပ်လေပြီ။
3. သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလစစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံးလှည့်ပတ်ခြင်းအမှုကို ပြုရကြမည်။
4. ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာတော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
5. ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအသံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့်မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည်ဟု ယောရှုအား မိန့်တော်မူ၏။
6. နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်းသွားသဖြင့်၊ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ခုနစ် ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွားကြလော့ဟူ၍၎င်း၊
7. လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့်ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍၎င်း မှာထားလေ၏။
8. ယောရှုသည် လူများတို့အားမှာထားပြီးမှ၊ ယုဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ်လျက်သွားကြ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နောက်သို့ လိုက်လေ၏။
9. တံပိုးမှုတ်သောယဇ်ပုရောဟိတ်တို့ရှေ့မှာ လက်နက်ကိုင်တို့သည် သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက်သို့ လိုက်ကြ၏။
10. ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော်ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြောရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။